ပရိသတ်တွေရဲ့ အချစ်တွေကို သီချင်းလေးတွေနဲ့ သိမ်းပိုက်ထားတဲ့ အဆိုတော် G-Fatt ကတော့ လာမည့် ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ မွေးနေ့ရက်လေးကျရောက်မှာဖြစ်ပါတယ်။မွေးနေ့ရက်လေးမှာတော့ နှစ်တိုင်းလိုလို G-Fattဟာ ပွဲလေးလုပ်ပြီး ပရိသတ်တွေနဲ့ သူ့ရဲ့မွေးနေ့အချိန်အခါလေးကို ဖြတ်သန်းကုန်ဆုံးလေ့ရှိပါတယ်။ပြီးခဲ့တဲ့ နှစ်ကတော့ မွေးနေ့ပွဲလေးကို မန္တလေးရွှေမြို့တော်ကြီးမှာ ပြုလုပ်ခဲ့ပြီး ဒီနှစ်မှာတော့ ရန်ကုန်မှာပြုလုပ်သွားမှာလို့ သိရပါတယ်။

 

G-Fattကတော့ “Crush Cafe”ဆိုင်မှာ မွေးနေ့ Fan Meeting ပွဲလေးပြုလုပ်မှာဖြစ်ပြီး လူဦးရေ (၁၀၀)ကိုသာတက်ရောက်ခွင့်ရမှာပါ။မွေးနေ့ရက်လေးဖြစ်တဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ နေ့လယ် (၁)နာရီကနေ (၃)နာရီအထိ ပွဲလေးကျင်းပပြုလုပ်မှာလို့လည်း သိရှိရပါတယ်။Fan Meeting ပွဲလက်မှတ်တွေကို လက်မှတ်တစ်စောင် တစ်သောင်းနှုန်းနဲ့ အယောက် (၁၀၀)အတွက်သာရောင်းချသွားမှာဖြစ်ပြီး လက်မှတ်ရောင်းလို့ရရှိလာတဲ့ ငွေတွေကိုတော့ သူ့ရဲ့ အနုပညာကြေးထဲက ချွေးနည်းစာငွေလေးတွေနဲ့ပေါင်းကာ မြန်မာနိုင်ငံမသန်စွမ်းရှေ့ဆောင်အဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပါတယ်လို့ သိရှိရပါတယ်။


G-Fattဟာ ချစ်ရတဲ့ ပရိသတ်တွေကိုလည်း မွေးနေ့အလှူလေးမှာ ပူပေါင်းပြီး ကုသိုလ်ရစေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့အခုလိုမျိုးလေး စီစဉ်ဖြစ်ခဲ့တာပါလို့လည်းဆိုထားပါသေးတယ်။လက်မှတ်တွေကိုတော့ (၃၀)ရက်နေ့ ရေကျော်က “OMG”ဆိုင်လေးမှာ ဝယ်ယူရရှိနိုင်ပါတယ်။CeleGabar ပရိသတ်တွေထဲက G-Fatt ရဲ့ ပရိသတ်တွေအတွက် ချစ်ရတဲ့ Idol နဲ့ အတူတူ မွေးနေ့ပွဲလေးမှာပျော်ရွှင်ရမယ့် အပြင် ရေစက်စုံရမယ့် အခွင့်အရေးလေးဖြစ်တာကြောင့် လက်မလွတ်ရလေအောင် ဒီသတင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Source – G-Fatt